တံငါလှေပေါ်က ကျောင်းဆရာ
တံငါလှေပေါ်က ကျောင်းဆရာ
နိဒါန်း
လက်ဦးဆရာ မိဘ နှစ်ဖြာ ဆိုတဲ့စကားနဲ့ အညီ
အမိ နဲ့ အဖတို့သည်လည်း အာစရိယ ဂိုဏ်းဝင်
ဆရာများပင် ဖြစ်ကြသည်။
အချိန်တန် လူလားမြောက်၍ မိဘအရိပ်မှ ထွက်ခွာပြီး
ကိုယ့်ဘဝ ကိုယ်ရပ်တည်ကာ လမ်းကြောင်းမှန်ပေါ်
လျှောက်လှမ်း ချိန်မှာတော့ မိဘ ဆရာသမားများရဲ့
ဆုံမ ပဲ့ပြင် လမ်းညွန်ပေးခဲ့တဲ့ စေတနာတွေကို
ပို၍ တန်ဖိုးနားလည်မိတော့သည်။
စာရေးသူသည် ကျေးလက်ဒေသ ရွာလေးတစ်ရွာတွင်
မွေးဖွားလာခဲ့ပြီး ကျေးတောသူ ကျေးတောသားတို့ရဲ့
ဓလေ့စရိုက် အငွေ့အသက် တို့ကို ကိုယ်တိုင်
သိမြင်ခံစား ခဲ့သူဖြစ်သည်။
ဘယ်နေရာ ဘယ်ဒေသ ဘယ်ရာထူးတွေပဲ ရောက်ရောက်
ကိုယ့်မွေးရပ် ဇာတိကိုတော့ သတိရ လွမ်းဆွတ်နေမိသည်။
စာရေးသူ၏ မိဘများ သည် လယ်ယာလုပ်ငန်း တံငါလုပ်ငန်းတို့ဖြင့်
အသက်မွေးဝမ်း ကျောင်းပြုခဲ့သူများ ဖြစ်ကြသည်။
လယ်ယာလုပ်ငန်းပြီး၍အားလပ်ချိန်များတွင်
တံငါလုပ်ငန်းများကိုဆက်လက် လုပ်ကိုင်ကြသည်။
ရာသီအလီလီညောင်းလို့ ပြက္ခဒိန်တွေ
အသစ်အသစ်ပြောင်းလာခဲ့သော်လည်း
အတိတ်တွေက အရိပ်ပမာ
မနေ့ကလိုပဲ လားလို့ တွေးထင်မိသည်။
ဝါဆိုဝါခေါင် ရေဖောင်ဖောင်ဆိုသည့်စကား အတိုင်း
လယ်ကွင်းပြင်ကြီးထဲမှာ ရေတဖွေးဖွေးနဲ့ လှေကလေးများက
ကူးလာလှုပ်လူး သွားလာနေကြသည်။
အနောက်တောင် လေညှင်းလေးများတိုက်ခတ်တော့ လှိုင်းကြက်ခွပ်လေးများက
တလိမ့်လိမ့်နဲ့ ပြေးဆော့နေကြသည်။
ပိဒုမ္မာ ကြာပန်းတို့က ယိမ်းကသည့်နယ် ဟိုဒီယိမ်းနေကြသည်။
ဇင်ယော်ငှက်ကလေးများကလည်း အစာရှာဖို့ရေပြင်ပေါ် ပျံဝဲရင်း
လေဟုန်စီးကာ သူတို့ဘဝ သူတို့ ပျော်နေကြရှာသည်။
ကိုတံငါသည်တို့သည်
လှောင်းလှေလေးကို စီးကာ တေးချင်းလေး တကြော်ကြော်
ဆိုငြီးရင်း ပိုက်ကွန်များ ချနေကြသည်။
စာရေးသူငယ်စဉ်ဘဝက ကျောင်းပိတ်ရက်များတွင်
လယ်အင်းပြင်သို့ တံငါရှာထွက်ရန် အဖေနဲ့ မကြာခဏဆိုသလို
လိုက်ပါခဲ့ဖူးသည်။
လယ်အင်းထဲသို့ မနက်မိုးလင်း ချိန်မှစထွက်ကာ ညနေ မှောင်ရီ ပျိုးချိန်မှ
အိမ်သို့ပြန်လာကြသည်။
နေ့လည်ထမင်းစားချိန် အမေထည့်ပေးလိုက်တဲ့ ထမင်းထုပ်လေးကို
သားအဖနှစ်ယောက် လှေပေါ်မှာထမင်းစားကြသည်။
စာရေးသူတို့ ခေတ်က ထမင်းချိုင့် မသုံးသေးပေ
ငှက်ပျောဖက်ရွက်ဖြင့်သာ ထမင်းဟင်းများကိုထုပ်ပိုး၍
ခရီးသွား အလုပ်သွားလျှင် အသုံးပြုကြသည်။
အဖေသည် သီချင်းလေး တကြော်ကြော်နဲ့
လှေဦးထိပ်တွင်ထိုင်လျှက် ပိုက်ကွန်များကို ချနေသည်။
စာရေးသူကတော့ လှေရဲ့အနောက်ဘက် ပဲ့ပိုင်းတွင်ထိုင်
လိုက်ရသည်။
ဆရာမက ပေးလိုက်တဲ့ အိမ်စာတွေ ရပြီလားလို့ စာရေးသူကို မကြာခဏ
ဖေဖေက မေးလေ့ရှိသည်။…
ကျောင်းမှာ ဆရာက သင်ပေးလိုက်တဲ့ သင်ခန်းစာတွေကို
စာရေးသူ နားမလည် သဘောမပေါက်သည့်အခါ
ဖေဖေက သူတတ်သလောက် ရှင်းပြပေးသည်။
ကျောင်းစာကို ကြိုးစားသင်ယူဖို့လည်း အဖေ…အမြဲ
ဆုံးမလေ့ရှိသည်။
ငါ့သား…ပညာတတ်ဖြစ်အောင် ကြိုးစားပါ ဒါမှနောင်တချိန် ပညာတတ်
လူရည်ချွန်ဖြစ်မှာ
ပညာရဲရင့် ပွဲလယ်တင့်တယ် တဲ့သား….
ပညာမတတ်ရင် ဆင်းရဲနွမ်းပါးစွာ ဘဝကိုဖြစ်သန်းရလိမ့်မယ်
ဖေဖေတို့ ပညာနည်းခဲ့ပေမယ့် ငါ့သားကိုတော့ ပညာတတ်
ဖြစ်စေချင်တယ် သား..
ဒီစကားကို ဖေဖေ အမြဲပြောလေ့ရှိသည်။
ဆရာကပေးလိုက်တဲ့ အိမ်စာတွေကို ဖေဖေရှင်းပြလို့
သဘောပေါက်နားလည်ခဲ့သည်။
ဖေဖေရဲ့ ဆုံးမသွန်သင်မှုကြောင့် ကျောင်းစာကိုလည်း
ပိုပြီးစိတ်ဝင်စားလာခဲ့သည်။
တစ်နေထွက်၍ တနေဝင်ချိန်ရောက်ပြီမို့
မှောင်ရီစ ပျိုးလာပြီ
အနောက်တောင် လေက ပို၍တိုက်ခတ်နေပြီမို့
အေးစပြုလာပြီ…..ဖေဖေက အနွေးထည်ဝတ်ဖို့ပြောသည်
လှေကလေးသည် လှိုင်းကြက်ခွပ်များကို ကျော်ဖြတ်၍
တရွေ့ရွေ့သွားနေသည်။ ဟိုမှာဒီမှာ သွားလာနေကြသော
တံငါလှေကလေးများ လည်း အိမ်ပြန်ရန် ပြင်ဆင်နေကြသည်။
မှောင်စပျိုးနေပြီမို့ ရွာဦးထိပ်က စေတီလေးလည်း မီးရောင်
တဖျတ်ဖျတ်နဲ့ လင်းလက်နေသည်။
ကောင်းကင်က လမင်းကြီးရဲ့ အလင်းရောင်က အင်းရေပြင်ပေါ်က
လှိုင်းကလေးတွေနဲ့အတူ ဆော့ကစားနေသည်။
ကြယ်ကလေးတွေကလည်း မှိတ်တုန့်မှိတ်တုန့် သက်ရှိ
သတ္တဝါ တစ်ခုအလား…
ညငှက်ကလေးတွေရဲ့ တွန်ကျူးသံက လွမ်းဆွတ်ဖွယ်
တေးတစ်ပုဒ်နှယ်…
ဒီအချိန်ဆိုရင် ထမင်းဝိုင်းလေး ပြင်လို့
အဖေ အိမ်အပြန် အမေအမြဲ မျှော်နေတတ်သည်။
လယ်ကွင်းပြင်မှာ အဖေခူးခဲ့တဲ့ လယ်ဘဒူ တို့စရာ
ငါးပိ အချည်ဟင်းတို့က မိသားစုထမင်းဝိုင်းလေးကို
စိုပြေခဲ့တယ်။
ပညာရဲရင့် ပွဲလယ်တင့်ဆိုတဲ့.. ဖေဖေ ဖြစ်စေချင်ခဲ့တဲ့
ဆန္ဒတွေ ပြည့်ခဲ့သလို စာရေးသူရဲ့
ဘဝတက္ကသိုလ်က နည်းပြကြီးတစ်ဦးဖြစ်တဲ့ ဖေဖေဟာ
တံငါလှေပေါ်က ကျောင်းဆရာပဲ ဖြစ်ပါတော့တယ်…။
ရေးသားသူ-တိုင်းဓန

Comments
Post a Comment