သုံးဆယ့်ရှစ်ဖြာ မင်္ဂလာ(ကဗ်ာ)
သုံးဆယ့်ရှစ်ဖြာ မင်္ဂလာ(ကဗ်ာ)
လူမိုက်ဆိုလျှင် ရှောင်သွေလွဲလို့, မမှီဝဲနဲ့ ကင်းအောင်နေ၊
ပညာရှိကို အရှည်တွဲလို့, မှီဝဲဆည်းကပ် နည်းယူစေ၊
သုံးပါးရတနာ မိဘများနှင့်, ဆရာသမားကို ပူဇော်လေ၊
ချမ်းသာကိုပေး ဆက်ဆံရေး, မျှော်တွေး သုံးချက်ပေ၊
အဲဒါမှ….
” ဗုဒ္ဓဝါဒ ” ကမ္ဘာ့
မင်္ဂလာတွေ။
ကုသိုလ်ပညာ ဥစ္စာရဖို့, သင့်ရာဒေသ အမြဲနေ၊
ရှေးကတင်ကြို ပြုခဲ့ဖူးသည့်, ကောင်းမှုအထူး ရှိပါစေ၊
မိမိကိုယ်ကို ကောင်းအောင် ထိန်းလို့, မတိမ်းစေနဲ့ ဆောက်တည်လေ၊
ဥစ္စာကိုပေး နေထိုင်ရေး, မျှော်တွေး သုံးချက်ပေ၊
အဲဒါမှ….
” ဗုဒ္ဓဝါဒ ” ကမ္ဘာ့
မင်္ဂလာတွေ။
တတ်ကောင်းတတ်ရာ ဟူသမျှကို, ကြားမြင်သုတ, ရှိပါစေ၊
အိုးအိမ်ထူထောင် ဝမ်းစာရေးနဲ့, အသက်မွေးဖို့ အတတ်သင်လေ၊
လူနှင့်ဆိုင်ရာ ကျင့်ဝတ်များကို, ကောင်းစွာ သင်ကြား နားလည်စေ၊
မှန်ကန်ယဉ်ကျေး ချိုသာအေး, ဆိုရေးတတ်ပါစေ၊
အဲဒါမှ….
” ဗုဒ္ဓဝါဒ ” ကမ္ဘာ့
မင်္ဂလာတွေ။
မြင့်မိုရ်ရွှေတောင် မိဘကျွေးကို, ကောင်းစွာဆပ်ပေး ဝတ်ကျေကျေ၊
ကြွေးသစ်ချကာ သားနှင့် မယားကို, မြှောက်စားချီးမြှင့် ဝတ်ကုန်စေ၊
အလုပ်တာဝန် မလစ်ဟင်းနဲ့, အပြစ်ကင်းအောင် လုပ်ပါလေ၊
စည်းစိမ်ကိုပေး ပြုစုရေး, မျှော်တွေး လေးချက်ပေ၊
အဲဒါမှ….
” ဗုဒ္ဓဝါဒ ” ကမ္ဘာ့မင်္ဂလာတွေ။
သုံးတန်စေတနာ ဖြူစင်လန်းလို့, ပေးကမ်းဝေမျှ လှူနိုင်စေ၊
ကိုယ်,နှုတ်, စိတ်ကြံ မမိုက်မှားနဲ့, သုစရိုက်တရားကို ကျင့်ပါလေ၊
ဆွေမျိုးတွေကို ပစ်ပယ်မထားနဲ့, သင်္ဂဟတရားနှင့် ချီးမြှောက်လေ၊
သန့်စင်ပြစ်မျိုး လူထုအကျိုး, သယ်ပိုးဆောင်ရွက်စေ၊
အဲဒါမှ….
” ဗုဒ္ဓဝါဒ ” ကမ္ဘာ့
မင်္ဂလာတွေ။
မကောင်းမှုတွေ ဟူသမျှကို, မတွေခင်က ရှောင်ကြဉ်လေ၊
တွေ့ကြုံလာလျှင် မလွန်ကျူးနဲ့, အထူးသဖြင့် စောင့်စည်းလေ၊
အရက်သေစာ မသောက်စားနဲ့, မှောက်မှားတတ်တဲ့ အရာပေ၊
လုပ်ကိုင်ပြောကြား သတိထား,
တရားမမေ့စေ၊
အဲဒါမှ….
” ဗုဒ္ဓဝါဒ ” ကမ္ဘာမင်္ဂလာတွေ။
အသက်ဂုဏ်ဝါ ကိုယ့်ထက်ကြီးက, ဆည်းကပ်ခစား ရိုသေလေ၊
မာနတံခွန် ဂုဏ်မကြွားနဲ့, ကိုယ့်ကိုနှိမ့်ချ အမြဲနေ၊
လောဘအပို လိုမလိုက်နဲ့, ကိုယ့်ထိုက်တာနဲ့ ကျေနပ်လေ၊
ကိုယ့်ပေါ်ပြုဖူး သူ့ကျေးဇူး, အထူးသိတတ်စေ၊
ကောင်းကျိုးဆင့်ပွား မြတ်တရား, နာကြားမပြတ်ပေ၊
အဲဒါမှ….
” ဗုဒ္ဓဝါဒ” ကမ္ဘာ့
မင်္ဂလာတွေ။
ဝတ်စားနေထိုင် ရန်ခပ်သိမ်း, စိတ်ကိုချုပ်ထိန်း သည်းခံလေ၊
ကျိုးကြောင်းပြညွှန် ဆုံးမစကားကို, ပြောကြားလာက နာလွယ်စေ၊
သူမြတ်ပုဂ္ဂိုလ် ဟူသမျှကို, မကြာခဏ
တွေ့ဆုံလေ၊
သဘာဝတွေး မှန်ကန်ရေး ဆွေးနွေး မပြတ်ပေ၊
အဲဒါမှ….
” ဗုဒ္ဓဝါဒ ” ကမ္ဘာ့
မင်္ဂလာတွေ။
လောကီအာရုံ ဇိမ်ယစ်မူးလို့, အပျော်မကြူးနဲ့ ချိုးခြံလေ၊
မေတ္တာဗြဟ္မစိုရ် လက်ကိုင်သုံးလို့, သူမြတ်ကျင့်ထုံး ယွင်းမသွေ၊
လေးပါးသစ္စာ ဉာဏ်မြင်ကြည့်လို့, အမှန်သိအောင် ကြိုးစားလေ၊
ဒုက္ခလွတ်ကင်း နိဗ္ဗာန်ချဉ်း, အလင်းပေါက်နိုင်စေ၊
အဲဒါမှ….
” ဗုဒ္ဓဝါဒ ” ကမ္ဘာ့
မင်္ဂလာတွေ။
ဆင်းရဲချမ်းသာ သဘာဝ,
တွေ့ကြုံနေကြ လူတိုင်းပေ၊
ကောင်းဆိုးနှစ်တန် အစုံတွဲလို့, တလဲစီလှည့် အမြဲနေ၊
လောကဓံကြုံ မဖြုံတမ်းပေါ့, မတုန်စမ်းနဲ့ စိတ်ခိုင်စေ၊
သောကကိုထိန်း ရမ္မက်သိမ်း, အေးငြိမ်းချမ်းသာစေ၊
အဲဒါမှ….
” ဗုဒ္ဓဝါဒ ” ကမ္ဘာ့
မင်္ဂလာတွေ။
နိဂုံးချုပ် ကဗျာ
သုံးဆယ့်ရှစ်ဖြာ မင်္ဂလာကုံးကို, လိုက်နာကျင့်သုံး ပန်သူတွေ၊
စီးပွားချမ်းသာ ကျက်သရေတိုးလို့, ကောင်းကျိုးစီပွင့် တဝေေ၀၊
ဘေးရန်ကင်းကွာ ချစ်သူပေါလို့, စိတ်ရော ကိုယ်ရော ချမ်းသာမလေ၊
ပြောဆို ကြံဆ
ဆောင်သမျှ, အောင်ရမည်ကိန်းသေ၊
အဲဒါကြောင့် ပန်ကြ
ဆင်ကြ,
မင်္ဂလာ့ ပန်းခိုင်တွေ။

Comments
Post a Comment